ချင်းမိုင်(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ တိုးတက်သော ကရင်အမျိုးသား တပ်မတော် - ဒီကေဘီအေ တပ်ရင်း ၉ဝ၇ နှင့် စစ်အစိုးရ၏ ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးစီးသည့် ခမရ ၄ဝ၅ စစ်ကြောင်း ၁ တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲကတော့ ဖြစ်နေတယ်။ အသေးစိတ်တော့ မသိသေးဘူး။ ၁၂ နာရီ ၁၅ လောက်က စတာ။ ဒီကေဘီအေ ၉၀၇ တပ်ရင်းမှူး ဦးစောနောတယာနဲ့ ဗမာစစ်တပ်ဘက်က ခမရ ၄ဝ၅ စစ်ကြောင်း (၁) ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်တပ်တို့ ဖြစ်တာ” ဟု ဘုရားသုံးဆူ ဒေသခံ ကိုတင်ဦးက မဇ္ဈိမကို ပြောသည်။
နေ့လည် ၁၂ နာရီခန့်တွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ထိုင်းဘက်ခြမ်းရှိ ဘုရားသုံးဆူမြို့ ဘုရားကုန်းဘက်တွင် လက်နက်ကြီး ၂ လုံး ကျရောက်ခဲ့ကြောင်း ဆိုသည်။
“လက်နက်ကျည်တွေက ဘုရားသုံးဆူ ဘုရားကုန်းထိ ကျတယ်။ ထိုင်းဆိုက်ဘက်မှာ ၇၉ တို့၊ RPG တို့ လောက်ပဲ ဖြစ်မှာပါ။ ဒါပေမဲ့ မော်တာပါ သုံးထားလားတော့ မပြောတတ်ဘူး။ ထိုင်းဆိုက်ကို ၂ လုံး လာကျတယ်။ မိန်းမနဲ့ ကလေး၊ သက်ကြီးရွယ်အိုတွေကို အထက်တန်းကျောင်းမှာ အထကကျောင်းမှာ လာထားတယ်လို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။
ထို့အပြင် ယခင် ဘုရားသုံးဆူမြို့၏ မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ မဲကသာကျေးရွာအတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟုလည်း ဆိုသည်။
ဒီကေဘီအေ တပ်နှင့် စစ်အစိုးရတပ်များ ဘုရားသုံးဆူ ရုပ်မြင်သံကြား ထပ်ဆင့်အသံလွှင့်ရုံ ရှိသည့်နေရာတွင် ပစ်ခတ်ခဲ့သည်မှာ ဟုတ်မှန်ပြီး လက်ရှိအခြေအနေရ ငြိမ်သက်နေကြောင်း ဘုရားသုံးဆူမြို့မှ ဦးမင်းစိုင်းနွန်ဒေါ အဆိုအရ သိရသည်။
“အခု ခဏငြိမ်နေတယ်။ ဘုရားသုံးဆူမြို့တွင်း တီဗီအသံလွှင့် ပေးတဲ့နေရာ အဲဒီနေရာစပြီးတော့ လက်နက်ကြီးတွေ ကျလာတာ” ဟု သူက ပြောသည်။
ဒီကေဘီအေ တပ်မဟာ ၅ ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးရဲ့ လက်အောက်ခံ ဗိုလ်စောအေဝမ်း ဦးစီးသည့် တပ်များလည်း ရောက်ရှိနေကြောင်း သိရသည်။
ထို့ပြင် တိုက်တရာ ဘုန်းကြီးကျောင်းတွင် ဆန်ခလဘူရီနှင့် ဘုရားသုံးဆူ ဒေသခံများက ကထိန်ခင်းရန် ရေစက်ချရန် ရောက်ရှိသော ပြည်သူ ၅ဝဝ နီးပါးကို ဘုန်းကြီးကျောင်း အပြင်ဘက် ထွက်ခွင့်မပြုကြောင်း ဦးမင်းစိုင်းနွန်ဒေါက ပြောဆိုသည်။
မြန်မာပြည်ဘက်ခြမ်းမှ ဒေသခံများသည် ဘုရားသုံးဆူမြို့ အထက်တန်းကျောင်းမှာ ပြောင်းရွှေ့သူများလည်း ရှိနေသည်။
Incident
Nearby Incident