ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ် - ဒီကေဘီအေ တပ်မဟာ ၅ ဗိုလ်မှူးကြီးနှုတ်ခမ်းမွှေးတပ်မှ ဗိုလ်ကျော်သက် ဦးစီးသည့် တပ်များနှင့် စစ်အစိုးရတပ်များအကြား ယနေ့နံနက်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အင်အား ၄ဝဝ ခန်ရှိမည်ဟု ခန့်မှန်းရသည့် နယ်ခြားစောင့်တပ်မပြောင်းဘဲ ကျန်ရစ်သော ဒီကေဘီအေများက စစ်အစိုးရတပ်များရှိရာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဘက်သို့ အာပီဂျီဒုံးသီးများ၊ လက်ပစ်ဗုံးများနှင့် ပစ်ခတ်ခဲ့ကြသည်။
“ကျနော်တို့ အခုဝပ်နေရတယ်။ သူပုန်တပ်တွေက ကျနော်တို့ဆိုင်ရှေ့မှာ ရှိနေတယ်။ .. ဒီကနေ မြဝတီ တံတားဘက်ကို RPG တွေနဲ့ လှမ်းပစ်နေတာ။ ကျနော်တို့လည်း ထွက်မကြည့်ရဲဘူး။ အပြင်မှာ သူပုန်တပ်တွေ အများကြီးပဲ” ဟု မြဝတီမြို့ခံတဦးက တယ်လီဖုန်းမှတဆင့် မဇ္ဈိမကို ပြောပြသည်။
နှစ်ဖက်စလုံး အကျအဆုံးများကြောင်း အမည်မဖော်လိုသူ ဒီကေဘီအေ တပ်ရင်းမှူး တဦးက မဇ္ဈိမကို ပြောသည်။ ဒေသခံများအပြောအရ မြဝတီတွင် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
နှစ်နိုင်ငံကို ပိုင်းခြားထားသော သောင်းရင်းမြစ်ကို ဖြတ်လျက် မြဝတီဘက်မှ ထိုင်းဘက်သို့ ထွက်ပြေးလာသူ ၅ ထောင်ခန့် ရှိသွားပြီဟု ထိုင်းလုံခြုံရေး သတင်းရပ်ကွက်နှင့် လေ့လာသူများက ပြောသည်။
မြန်မာဘက်ခြမ်းမှ ပစ်ခတ်မှုကြောင့် မဲဆောက်မြို့ထံ အာပီဂျီကျည်များ ကျရောက်ခဲ့ပြီး၊ ထိုင်းအချို့ ဒဏ်ရာရကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ယနေ့နံနက် ဖော်ပြသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှူး Samart Loyfa က နယ်စပ်ရှိ ထိုင်းနိုင်ငံသားများနှင့် ကုန်သည်များကို ဘေးလွတ်ရာသို့ အမြန်ရွှေ့ပြောင်းပေးရန် ညွှန်ကြားချက်ရထားပြီဟု သတင်းစာကို ပြောသည်။
အမှတ် ၁၅ ထိုင်းခြေလျင်တပ်မှူး ဗိုလ်မှူး Supachoke Thawatpeerachai က တိုက်ပွဲများ ပိုမိုပြင်းထန်လာပါက လက်နက်ကြီးများဖြင့် မြန်မာဘက်ခြမ်းသို့ ပြန်ပစ်ခတ်မည်ဟုပြောကြောင်း ဘန်ကောက်ပို့စ်တွင် ဆိုထားသည်။
အတည်မပြုနိုင်သေးတဲ့ စစ်ဘက်သတင်းတရပ်အရ ကော့ကရိတ်ဘက်မှာလည်း ဒီကေဘီအေနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်နေကြောင်းနှင့် စစ်ကူအတွက် ဘားအံဘက်မှ ဆင်းလာသည့် စစ်အစိုးရတပ်များကို ဒီကေဘီအေက ကော့ကရိတ်နေ၍ ဆီးကြိုတိုက်ခိုက်နေကြောင်း သိရသည်။
Incident
Nearby Incident